မြန်မာ-တရုတ် စီးပွားရေးဇုန်တည်ထောင်ရန်
နှစ်နိုင်ငံ နေရာညှိနှိုင်း
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင်
အထူးစီးပွားရေးဇုန်တစ်ခု တည်ထောင်ရန်အတွက် နေရာသတ်မှတ်ရန် နှစ်နိုင်ငံ
ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါသည်။
“ရွှေလီကို သူတို့ဘက်ကလုပ်ဖို့ အဆိုပြုထားတယ်။
ဒီဘက်ကလည်း မူဆယ်မှာလုပ်နိုင်ဖို့ ညှိနှိုင်းနေဆဲပါပဲ။ ဒီစီးပွားရေးဇုန်ရဲ့ Core
Zone (ပင်မဇုန်) ကို တရုတ်နိုင်ငံအနေနဲ့ ကြယ်ခေါင်ကိုသတ်မှတ်ပြီး ကျွန်တော်တို့က
ကြယ်ခေါင်ရဲ့ မျက်နှာချင်းဆိုင် ဟိုဆောင်ကို သတ်မှတ်ဖို့ ညှိနှိုင်းဆဲပါ”
အထူးစီးပွားရေးဇုန် အကောင်အထည်မဖော်မီ
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Core Zone (ပင်မဇုန်) ကို ရွှေလီနှင့်
မူဆယ်ကြားတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါသည်။
နှစ်နိုင်ငံအထူးစီးပွားရေးဇုန်နေရာကို
သတ်မှတ်အတည်ပြုပြီးပါက မြန်မာ-တရုတ် အထူးစီးပွားရေးဇုန်အတွက် စိတ်ဝင်စားသည့်
ကုမ္ပဏီများကို စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (EOI) များ ယခုနှစ်အတွင်း
ခေါ်ယူသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်ကလည်း စီးပွားရေးဇုန်ထူထောင်ရန်
ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။
မြန်မာ-တရုတ် စီးပွားရေးဇုန်
တည်ထောင်ရန်အတွက် ၂၀၁၇ ခုနှစ် မေလအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
သွားရောက်သည့် တရုတ်နိုင်ငံခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်
ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါအထူးစီးပွားရေးဇုန်တွင် စက်မှုကဏ္ဍ၊
ခရီးသွားကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍအတွက် အထောက်အကူပြုစေမည့်
စက်မှုဇုန်များလည်း ပါဝင်လာမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် တည်ထောင်ပြီးပါက
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာမည်ဖြစ်ကာ
ပြည်ပခရီးသွားများလည်း ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါသည်။

No comments:
Post a Comment