ဈေးကွက်အဖွင့် တံခါးအပွင့်တွင် ပြည်တွင်းသို့ နိုင်ငံခြားသားလုပ်ငန်းများ ရောက်ရှိလာခဲ့ကြသည်။ ထိုအခါ ရှိနှင့်နေသည့် ပြည်တွင်းလုပ်ငန်းများ၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့လေသည်။ ပြည်ပမှ ငွေထုပ်ပိုက် ရောက်လာကြသည့် ငွေလိုက်မုဆိုးများကို မြန်မာ့စီးပွားရေးလုပ်ငန်းများ မည်သို့ယှဉ်မည်နည်း။
အဆိုပါမေးခွန်၏ အဖြေကို Hello Cabs ကုမ္ပဏီတည်ထောင်သူ ဦးအောင်ဝင်းတစ်ယောက်လည်း စဉ်းစားရနေပြီ ဖြစ်သည်။ Hello Cabs သည် တက္ကစီကုမ္ပဏီဖြစ်သည်။ လိုရာခရီးသို့ သွားရောက်ရန်အတွက် Mobile Application သုံး ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။
သို့သော်လည်း ပြည်တွင်းသို့ Grab နှင့် Uber ကဲ့သို့ ကမ္ဘာပတ်လုပ်ကိုင်နေသည့် နာမည်ကျော်ကုမ္ပဏီများ ဝင်လာချိန်တွင် Hello Cabs ၏ အနာဂတ်အတွက် ဦးအောင်ဝင်းတစ်ယောက် ခေါင်းမီးတောက်ခဲ့ရသည်။
ဤသို့သော ပုံစံဖြင့် ဝင်ရောက်လာသော နိုင်ငံတကာကုမ္ပဏီကြီးများကို မည်သို့ယှဉ်ပြိုင်မည်နည်းဆိုသည်က ဦးအောင်ဝင်းနည်းတူ လက်ရှိစီးပွားရေးတွင် ပြည်တွင်းလုပ်ငန်းရှင်များ ခံစားနေရသည့် သောကပင် ဖြစ်သည်။တရုတ်မှသည် လှိုင်သာယာ
မသုံးဖြစ်သည်မှာကြာ၍ အိမ်ထောင့်တွင် ထားရှိသော တစ်နိုင်အပေါက်ဖောက်စက်လေးမှာ ပင့်ကူမျှင်များပင် တွယ်ကပ်နေသည်။ တွင်ခုံတွင် ကိုယ်တိုင်အပ်၍ လုပ်ထားသော အပေါက်ဖောက်စက်လေးသည် တစ်ချိန်ကတော့ ကိုအေးလွင်လုပ်ငန်းအတွက် မရှိမဖြစ် ရဲဘော်ရဲဘက်တစ်ဦးပင် ဖြစ်သည်။ ကိုအေးလွင်က လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးတွင် နေထိုင်ပြီး ဆီစစ်ဘူးလုပ်ငန်း လုပ်ကိုင်သူ ဖြစ်သည်။
တရုတ်မှသည် လှိုင်သာယာ
မသုံးဖြစ်သည်မှာကြာ၍ အိမ်ထောင့်တွင် ထားရှိသော တစ်နိုင်အပေါက်ဖောက်စက်လေးမှာ ပင့်ကူမျှင်များပင် တွယ်ကပ်နေသည်။ တွင်ခုံတွင် ကိုယ်တိုင်အပ်၍ လုပ်ထားသော အပေါက်ဖောက်စက်လေးသည် တစ်ချိန်ကတော့ ကိုအေးလွင်လုပ်ငန်းအတွက် မရှိမဖြစ် ရဲဘော်ရဲဘက်တစ်ဦးပင် ဖြစ်သည်။ ကိုအေးလွင်က လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးတွင် နေထိုင်ပြီး ဆီစစ်ဘူးလုပ်ငန်း လုပ်ကိုင်သူ ဖြစ်သည်။
ဆီစစ်ဘူးဆိုသည်မှာ တစ်ပိုင်တစ်နိုင်သုံး အင်ဂျင်များတွင် ဆီထဲမှ အမှိုက်သရိုက်များ အင်ဂျင်ထဲမရောက်ရန် စစ်ပေးသည့် ကြားခံပစ္စည်းလေးပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိသည် သူ့လုပ်ငန်း၏ အကောင်းဆုံးအချိန် ဖြစ်ခဲ့သည်။ ကျောင်းတက်နေသည့် သားနှစ်ဦးပင်မကျန် ဆီစစ်ဘူးလုပ်ငန်းကို အိမ်ရှိ လူအကုန် ဝင်လုပ်ကြရသည်။ အလုပ်မနိုင်၍ ဘ၀တူလုပ်ငန်းဖော်ချင်းပင် အလုပ်ပြန်အပ်ရသည်အထိ အောင်မြင်ခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံမှ ဆီစစ်ဘူးများ ပြည်တွင်းသို့ ဝင်ရောက်လာပြီး နောက်ပိုင်းတွင်မူ လုပ်ငန်းက တဖြည်းဖြည်းကျလာသည်။ တရုတ်တို့ ကမ္ဘာပတ်၍ စီးပွားရေးလုပ်သည်ဆိုရာဝယ် လှိုင်သာယာမှ ကိုအေးလွင်၏ ဈေးကွက်များကို ဝင်လုမည်ဟု ဘယ်တုန်းကမှ သူ မတွေးမိခဲ့။
ယခုအခါ အပေါက်ဖောက်စက်လေးပင် အိမ်ထောင့်တွင် ပင့်ကူမျှင်များဖြင့် ရှိနေတော့သည်။
“တရုတ်က ဝင်လာတာတွေက ပိုသပ်ရပ်တယ်။ ဈေးကလည်း ပိုချိုတယ်။ ဒီမှာက သံပြားဝယ်ရတယ်။ အပေါက် ဖောက်ရတယ်။ အားလုံးတွက်ကြည့်ရင် ဈေးက တရုတ်ဈေးကို မမီဘူး။ တစ်နိုင်လုပ်တဲ့အတွက် သပ်ရပ်မှုကလည်း တရုတ်ပစ္စည်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူး”ဟု ကိုအေးလွင်က ပြောပြသည်။
အမှန်တွင်မူ အိမ်တွင်းအသေးစားလုပ်ငန်းများသာ ပြည်ပလုပ်ငန်းများ၏ ခြိမ်းခြောက်မှုကို ခံနေရခြင်းမဟုတ် စိုက်ပျိုးရေးဈေးကွက်တွင်လည်း ထို့အတူပင်ဖြစ်သည်။
ရန်ကုန်မြို့ရှိ Market Place တွင်ပင် အမေရိကန်ထုတ် ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီးစသည့် ပြည်တွင်း၌ ထုတ်နိုင်သည့် အသီးအနှံများပင် ပြည်ပမှ တင်သွင်းနေရပြီဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် တောင်ဥက္ကလာတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်အမျိုးသမီး ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ရာ ပြည်တွင်းပြည့်တန်ဆာဈေးကွက်ကို ဝင်လုသည့်သဘောဟု ယူဆရမလိုပင် ဖြစ်နေသည်။
မပြိုင်မီက ရှုံးနှင့်သည်
Hello Cabs လုပ်ငန်းကို တည်ထောင်သူ ဦးအောင်ဝင်းတစ်ယောက်သည်လည်း ထိုနည်းအတိုင်းပင်။ အခြားသော လုပ်ငန်းများစွာရှိသော်လည်း Hello Caps တွင်မူ သူက အခြေအနေမကောင်း။ မကောင်းရသည့် အကြောင်းရင်းမှာလည်း ဈေးကွက်အတွင်းသို့ နောက်မှဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သည့် Grab ကုမ္ပဏီကြောင့်ဟု ဆိုသည်။
Hello Cabs သည် ပြည်တွင်းလုပ်ငန်းဖြစ်သောကြောင့် ငွေအင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီများကို မယှဉ်နိုင်။ တစ်ဖက်တွင်လည်း ဈေးကွက်ရရှိရေးပြိုင်ဆိုင်မှုတွင် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ယှဉ်ပြိုင်မှုက ဈေးကွက်ကို အခြေအနေပိုမိုဆိုးရွားစေခဲ့ခြင်းဖြစ်သည်။
“သူတို့ပေးတဲ့ မက်လုံးတွေကို တို့က မပေးနိုင်တော့ဘူး။ သူက ပုံမှန် Marketing လုပ်တာ မဟုတ်ဘဲ ဈေးကွက်ကို တစ်ဦးတည်းရရှိဖို့ ငွေကြေးကို သုံးစွဲတာပေါ့။ အကုန်လုံးကို သတ်ပစ်တာပေါ့။ ဘယ်လို ယှဉ်ယှဉ်မရဘူး”ဟု ဦးအောင်ဝင်းက ရှင်းပြသည်။
စင်ကာပူအခြေစိုက် Grab သည် ဈေးကွက်ဝေစုရရှိရေးယှဉ်ပြိုင်ရာတွင် သုံးစွဲသူနှင့် ယာဉ်မောင်းကို မက်လုံး ပေးခြင်းဖြင့် ဆွဲဆောင်သိမ်းသွင်းသွားနိုင်ခဲ့သည်။ ယင်းသို့သော နှုန်းထားကို ပြည်တွင်းတက္ကစီလုပ်ငန်းများ ဖြစ်သည့် Hello Cabs နှင့် Oway Ride တို့က မည်သို့မျှ မယှဉ်နိုင်ခဲ့။
နိုင်ငံတကာတွင်မူ ဈေးကွက်ဝေစုကို ယှဉ်ပြိုင်လုကြရာ၌ ပေါက်ဈေးအောက်နှုန်းထားဖြင့် ဈေးကွက်ဝေစုရယူမှုကို ဥပဒေများဖြင့် အတိအလင်းတားမြစ်ထားသည်။ ပေါက်ဈေးအောက်နှုန်းထားဖြင့် ဈေးကွက်ဝေစုလုခြင်းကို Capital Dumping လုပ်သည်ဟု ဆိုကြပြီး Anti Dumping Law ၊ Competition Law တို့သည် အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် အကာအကွယ်ပြုထားသော ဥပဒေများဖြစ်သည်။ ထိုသို့မဟုတ်ပါက ဓနအင်အားကြီးသော ကုမ္ပဏီကြီးများသည် ဈေးကွက်ဝေစုကို အကုန်သိမ်းပိုက်သွားပြီးနောက် ဈေးကွက်လက်ဝါးကြီး အုပ်သွားနိုင်သည်။
ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် Competition Law သည် ယခုအချိန်အထိ ကောင်းစွာ အသက်မဝင်သေး။ ဦးဆောင်အဖွဲ့ကိုပင် မဖွဲ့နိုင်သေး။ ထို့ကြောင့် အသက်ဝင်ဖို့ ဆိုသည်မှာ များစွာလိုအပ်သည့် အခြေအနေပင် ဖြစ်သည်။
“တိုင်ပေမယ့် အရေးယူလို့ မရဘူးလေ။ ခင်ဗျားတို့က လုပ်ဖို့ ရည်ရွယ်နေတာ။ ဒီမှာက အကုန်လုံးသေတော့မယ်။ ခင်ဗျားတို့လည်းပြီးရော သေတဲ့လူလည်း သေရောပေါ့”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြုလုပ်သည့် ယှဉ်ပြိုင်မှုဥပဒေရေးရာဆွေးနွေးပွဲတွင် ဦးအောင်ဝင်းက ထ ဆွေးနွေးခဲ့သည်။
အခြားသော ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Oway Ride သည် ရန်ကုန်တွင် အခြေတည်ပြီးနောက်တွင် မန္တလေးတွင် ဈေးကွက်ချဲ့ထွင်ခဲ့သည်။ Grab ပေါ်ထွက်လာချိန်တွင် မမျှတသောယှဉ်ပြိုင်မှုကြောင့် ၎င်း၏ ဈေးကွက်များ တဖြည်းဖြည်းဆုံးရှုံးလျက် ရှိသည်။ ယခု ဇွန်လ ၄ ရက်ကပင် Grab သည် Grab ThoneBane အမည်ဖြင့် မန္တလေးသုံးဘီးလောကသို့ ဈေးကွက်ချဲ့ထွင်သည်။
Grab သည် ဈေးကွက်အတွင်း စနစ်တကျဝင်ရောက်စေလိုကြောင်း Oway Ride အကြီးတန်းဒါရိုက်တာ ဦးကျော်မင်းဆွေက The Voice Journal သို့ ဖွင့်ဟသည်။
ရန်ကုန်တက္ကစီဈေးကွက်သည် ကြီးမားသည့် ဒိန်ခဲကြီးသဖွယ်ပင် ဖြစ်သည်။ ဈေးကွက်ကို အုပ်စိုးနိုင်သူသည် ငွေပုံဆိုက်သည့်သဘောပင် ဖြစ်သည်။ ရန်ကုန်တွင် တက္ကစီအစီးရေ ခြောက်သောင်းခန့်ရှိသည်။ တက္ကစီ တစ်စီးလျှင် တစ်နေ့ပျမ်းမျှ အခေါက်ရေရှစ်ခေါက် ဆွဲကြရသည်။ နေ့စဉ်မောင်းနှင်ကြသော တက္ကစီအစီးရေကို သုံးသောင်းဟု ယူဆ၍ တစ်နေ့ ရှစ်ခေါက်နှုန်းဖြင့် တွက်ကြည့်ပါက အခေါက်ရေ နှစ်သိန်းခွဲနီးပါးဖြစ်သည်။ တက္ကစီတစ်စီးလျှင် အနည်းဆုံး ခရီးသည်တစ်ဦးစီးရမည်ဖြစ်ရာ အနည်းဆုံး ခရီးသည် နှစ်သိန်းခွဲခန့်သည် တက္ကစီကို အားထားနေရသည်။
ခရီးအကွာအဝေးကို လိုက်၍ ဈေး နှုန်းကွာခြားသော်လည်း တက္ကစီတစ်ခေါက် ပျမ်းမျှနှစ်ထောင်နှုန်းဖြင့် အခေါက်ရေ နှစ်သိန်းခွဲအတွက် ခရီးသည်များသည် နေ့စဉ် သန်း ၅၀၀ ခန့်သုံးစွဲနေကြခြင်း ဖြစ်သည်။
ဤမျှကြီးမားသော ရန်ကုန်တက္ကစီဈေးကွက်အတွက် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများရှိပါ၏လော။
“ကျွန်တော်တို့ကိုယ်တိုင် Rule and Regulation (စည်းမျဉ်းစည်းကမ်း) မြန်မြန်ထွက်ဖို့ တောင်းဆိုနေတာ အခု အချိန်ထိပဲ။ ဟိုနေ့ လုပ်မယ်၊ ဒီနေ့လုပ် မယ်ပြောပြီး အခုထိဖြစ်မလာဘူး”ဟု ကိုကျော်မင်းဆွေက ဆိုသည်။
တစ်ဖက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်ဖွယ်ပင်ဖြစ်သည်။ လက်ရှိ အချိန်အထိ ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီများကို ထိန်းကျောင်းရေးအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ထားခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
တက္ကစီများကို ထိန်းကျောင်းရေး အစိုးရသို့ မေးမြန်းခဲ့သော်လည်း ရှင်းလင်းသေချာသည့် လုပ်ဆောင်ချက်မျိုး မတွေ့ရဟု ယင်းကိစ္စကိုလွှတ်တော်တွင် မေးမြန်းခဲ့သူ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပြသည်။
“ရန်ကုန်မှာတော့ အဲဒီကိစ္စ (တက္ကစီ) အပေါ်မှာ ဘာမှထိထိရောက်ရောက် ဆောက်ရွက်ထားတာ ကျွန်တော် မမြင်ဘူး။ ဘာမှထိရောက်တဲ့ ဆောင်ရွက်မှုမျိုး မရှိဘူး”
မမြင်မီက လန့်နှင့်သည်
ပြည်ပလုပ်ငန်းများ မဝင်ရောက်သေးသော်လည်း စိုးရိမ်မှုရှိနေသည့် လုပ်ငန်းများလည်းရှိသည်။ စက်သုံးဆီ လုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် လက်လီလုပ်ငန်းကဏ္ဍတို့ဖြစ်သည်။
လက်လီကဏ္ဍတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်ရန် မြန်မာအစိုးရက အကန့်အသတ်များဖြင့် မကြာမီက ခွင့်ပြုလိုက်သည်။ အဆိုပါခွင့်ပြုချက်ကြောင့် 7 ELEVEN နှင့် Walmart ကဲ့သို့ လက်လီအရောင်း ကုန်တိုက်ကြီးများသည် နိုင်ငံတကာတွင် ခြေစွာနေသည်ဖြစ်ရာ ပြည်တွင်းသို့ ဝင်ရောက်လာ၍ ဈေးကွက်ယူသွားမည်ကို ပြည်တွင်းလက်လီလုပ်ငန်းလုပ်ကိုင်သူတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။
ယင်းသည် လက်လီဈေးကွက်တွင် လုပ်ကိုင်နေသည့် City Mart နှင့် စိန် ဂေဟာကဲ့သို့ လုပ်ငန်းများအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်လာသည်။
ယခုနှစ်များအတွင်း လက်လီဈေးကွက်တွင် ပြိုင်ဆိုင်မှုက ပြင်းထန်လာသည်။ ဈေးကွက်ကြီးမားလာခြင်း မရှိသော်လည်း လုပ်ငန်းရှင်များက ဆိုင်ခွဲများအသီးသီး ဖွင့်လှစ်ကြလျက်ရှိသည်။ ထို့ကြောင့် ရှိပြီးသား ဈေးကွက်ကိုပင် ပြန်လည်ခွဲဝေယူနေရသည့် သဘောမျိုး ဖြစ်လျက်ရှိသည်။
“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်သလို ကျွန်မတို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအတွက်ကိုလည်း အဆင်ပြေချောမွေ့စေမယ့် နည်းဥပဒေတွေ၊ အထောက်အပံ့တွေ လိုအပ်ပါတယ်”ဟု City Mart Holding Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က The Voice Journal သို့ ပြောကြားသည်။
တစ်ဖက်တွင်လည်း စက်သုံးဆီကဲ့သို့ လုပ်ငန်းများသည် ပြည်တွင်း၌ ဈေးကွက်လက်ဝါးကြီးအုပ်သည်ဟု စွပ်စွဲ ခံနေရပြန်သည်။ ပြည်ပတွင် စက်သုံးဆီဈေးတက်ချိန်၌ ပြည်တွင်းစက်သုံးဆီဈေးတက်ပြီး ဈေးကျချိန် ပြန်မကျဟူသည့် အရိုးစွဲဈေးကစားနည်းကို ယခု အစိုးရလက်ထက်တိုင် စက်သုံးဆီလုပ်ငန်းရှင်များက ကျင့်သုံးလျက်ရှိသည်ဟု သုံးစွဲသူများက ယူဆလျက်ရှိသည်။
ထို့ကြောင့်ပင် စက်သုံးဆီကဏ္ဍတွင် နိုင်ငံတကာလုပ်ငန်းများကို သုံးစွဲသူများက မျှော်နေကြပြန်သည်။ နိုင်ငံ တကာကုမ္ပဏီများ ဝင်ရောက်လာမှသာ စက်သုံးဆီဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးအတိုင်းဖြစ်မည်ဟု သုံးစွဲသူတို့က ယူဆလျက်ရှိသည်။
“စက်သုံးဆီဈေးက မြင့်မြင့်လာတယ်ဗျ။ ကားဆွဲစားရတာ သိပ်မကိုက်တော့ဘူး။ ဈေးက နိုင်ငံခြားမှာ ဘယ် လောက်ဖြစ်နေဖြစ်နေ ဒီမှာက သူတို့သတ်မှတ်တဲ့ဈေးပဲ ဝယ်သုံးနေရတာ”ဟု ရန်ကုန်မြို့အခြေစိုက် အငှားယာဉ်မောင်း ကိုခင်မောင်ထွေးက ဆိုသည်။
မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ စက်သုံးဆီကဏ္ဍတွင် စက်သုံးဆီတင်သွင်းလိုသူ မည်သူမဆို လွတ်လပ်စွာတင်သွင်းနိုင်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ဆိုသည်။
ဦးဝင်းမြင့်သည် မြတ်မေတ္တာမွန်စက်သုံးဆီလုပ်ငန်းကို တည်ထောင်ထားသူလည်း ဖြစ်သည်။
ပြည်တွင်းသို့ Puma နှင့် Shell ကဲ့သို့ လုပ်ငန်းများဝင်ရောက်ရန် စီစဉ်လျက်ရှိသော်လည်း လက်တွေ့တွင်မူ သုံးစွဲသူများက မည်သည့်အကျိုးမျှခံစားရခြင်း မရှိသေးချေ။ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များကမူ ဈေးကွက်ကို မင်းမူထားဆဲပင်ဖြစ်သည်။
စက်သုံးဆီကဲ့သို့ပင် ဘဏ်လုပ်ငန်းရှင်များသည် ပြည်ပဘဏ်လုပ်ငန်းများ ပြည်တွင်းသို့ ဝင်ရောက်လာမည်ကို မလိုလားပေ။ မြန်မာအစိုးရကလည်း ခွင့်ပြုထားခြင်းမရှိချေ။ ကိုယ်စားလှယ်ရုံးများသာ ဖွင့်လှစ်ခွင့်ပေးထားသေးသည်။ ဘဏ်လုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် ပင်မဒေါက်တိုင်လည်းဖြစ်ရာ စဉ်းစားနေဟန်ရှိသည်။
သို့သော်လည်း နိုင်ငံခြားဘဏ်များကို Retail Banking ခွင့်ပြုလိုက်ပါက ပိုမိုကောင်းမွန်လာမည့် အခြေအနေများကိုလည်း စီးပွားရေးသုံးသပ်သူများက ထောက်ပြကြသည်။ နိုင်ငံခြားဘဏ်များသည် စည်းစနစ်ကျပြီး နိုင်ငံတကာ စီမံအုပ်ချုပ်မှုစနစ်ကို ကျင့်သုံးကြခြင်းဖြစ်ရာ ငွေချေးလိုသူတိုင်း ငွေချေးခွင့်ရမည် မဟုတ်ဟု ဆိုကြသည်။
စည်းစနစ်ကျသော စာရင်းဇယားဖြင့် ကြွေးပြန်ဆပ်ရန် အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများသည်သာ ငွေချေးခွင့်ရနိုင်သည်ဖြစ်ရာ နိုင်ငံခြားဘဏ်များဝင်ရောက်လာချိန်တွင် ကုမ္ပဏီများသည် ငွေချေးရန်အတွက် စာရင်းဇယားပိုင်းတွင် ပိုမိုစနစ်ကျလာမည်ဟု ၎င်းတို့က ဆိုသည်။
မည်သို့ဆိုစေ ပြည်ပလုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့် ပိုမိုကောင်းမွန်သော လုပ်ငန်းများကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ အနီးကပ်ဆုံးသာဓက ပြရလျှင် ဈေးကွက်ကို တစ်ဦးတည်းလွှမ်း မိုးချုပ်ကိုင်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တစ်ခုတည်းရှိရာမှ တယ်လီနော်၊ အူးရီဒူးတို့ ဝင်ရောက်လာရာမှ သုံးစွဲသူများအတွက် ပိုမိုအကျိုးရှိလာခြင်းပင်ဖြစ်သည်။
ယခုအခါ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာ Mytel ဈေးကွက်အတွင်း ဝင်ရောက်ချိန်တွင် ဈေးကွက်အတွင်းယှဉ်ပြိုင်မှုက အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ဘယ်လိုပြိုင်၍ နိုင်မည်နည်း
ဈေးကွက်အတွင်း အင်အားကြီး ပြည်ပကုမ္ပဏီများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းများ၏ ရပ်တည်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ သို့သော်လည်း ယင်းသည် တားမရသော ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစ၍ တံခါးဖွင့်ပြီးနောက် စီးပွားရေးကို အများနည်းတူလုပ်ကိုင်ရန် ကမ္ဘာကြည့် ကြည့်မြင်ရန် လိုအပ်လျက်ရှိသည်။
ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးလွန်ခြင်း သို့မဟုတ် ပြည်ပရင်းနှီးမြှုပ်နှံမှုမှန်သမျှကို လက်ခံခြင်းဟူသည့် အစွန်းနှစ်ဖက်မှ ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို ဖန်တီးနိုင်ရမည်ဟု စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)က ဆိုသည်။
သို့သော်လည်း မမျှတသည့် ကစားပွဲဥပဒေသဖြင့်သာ ပြိုင်ကြရမည်ဆိုလျှင်မူ တိုင်းရင်းသားလုပ်ငန်းများမှာ နာလန်ထူနိုင်မည်မဟုတ်ပေ။ ထိုအခါ ကစားပွဲဥပဒေသဟုဆိုနိုင်သော အစိုးရ၏ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများက အရေးကြီးလာသည်။
ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီလုပ်ငန်းတွင် ယင်းဥပမာကို ထင်ရှားစွာ တွေ့နိုင်မည်ဖြစ်သည်။
“အခုက ပြုတ်သလောက်တောင် ဖြစ်နေပြီလေ။ Hello Cabs ကလည်း ပြုတ်တော့မယ်။ Oway တို့ ဘာတို့ ဆိုရင်လည်း ရန်ကုန်မှာ မတွေ့သလောက်တောင် ရှိနေပြီ။ အဲဒါတွေကို ကြိုမြင်လို့ မေးခွန်းတွေမေးခဲ့တာ (ရန်ကုန်တိုင်း)အစိုးရက ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်တာမရှိဘူး။ နောက်ကျတော့ ပြည်သူပဲ ခံရမှာပဲလေ”ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
Hello Cabs နှင့် Oway Ride တို့၏ သာဓကသည် အရည်အသွေးဆိုသည်ထက် ဈေးနှုန်းကြောင့်ပင် ဖြစ်သည်။ ဈေးနှုန်းကြောင့် ပြည်ပလုပ်ငန်းကို မယှဉ်နိုင်။ အထိန်းအကွပ်ပေးမည့် စည်းမျဉ်းစည်းကမ်းက မရှိ။
တစ်ချိန်ကမူ မွန်သူဌေးကြီး ဦးနာအောက်သည် ထင်ရှားသည်။
ဧရာဝတီ Flotilla ကုမ္ပဏီသည် မော်လမြိုင်ကို ဗဟိုပြု၍ သံလွင်မြစ်ကြောင်းတစ်လျှောက် မီးသင်္ဘောပြေးဆွဲသည်။ ကတိုးကော့နပ်ရွာမှ ဦးနာအောက်သည် စကော့တလန်မှ မီးသင်္ဘောကိုးစင်းကို မှာယူ၍ ပြေးဆွဲသည်။ ဈေးနှုန်းများအပြိုင်အဆိုင်လျှော့၍ ပြေးဆွဲရာ သင်္ဘောစီးလျှင် အခကြေးငွေမယူသည့်အပြင် ထမင်းကျွေးပြီး လက်ဆောင်ပေးသည်အထိ ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့သည်။
မျိုးချစ်စိတ်ဖြင့် ယှဉ်ပြိုင်ခဲ့သည့် ဦးနာအောက်သည် နောက်ဆုံးတွင် ဧရာဝတီ Flotilla ကုမ္ပဏီကို လက်မြှောက် အရှုံးပေးခဲ့ရသည့် သာဓက ရှိခဲ့ဖူးသည်။ ၁၉၄၂ ဖေဖော်ဝါရီလ အင်္ဂလိပ်များ မြန်မာပြည်မှ အဆုတ်တွင် ဧရာဝတီ Flotilla ကုမ္ပဏီသည် မြန်မာပြည်တွင် ရေယာဉ်အစင်းပေါင်း ၆၅၀ ကျော် ကျန်ရစ်ခဲ့သည်အထိ ပွပေါက်တိုးခဲ့ပြီ ဖြစ်သည်။
Oway Ride အကြီးတန်း ဒါရိုက်တာ ဦးကျော်မင်းဆွေကမူ ခေတ်သစ် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်ကို ယခုလိုဆိုလေသည်။
“အရင်ခေတ်က ဦးနာအောက်လိုမျိုးတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေက (အရှုံးခံ) လုပ်နိုင်မှာ မဟုတ်ဘူး”
the Voice News Journal






No comments:
Post a Comment