Saturday, June 23, 2018

BSI organization structure extended


အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို တိုးချဲ့ဖွဲ့စည်း


၁၉၅၁ခုနှစ် အက်ဥပဒေအရ နိုင်ငံတွင် ဖွဲ့စည်းထားသော နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိ စစစ ခေါ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့က တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်လိုက်သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးစီးပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈)မှ သဘောတူခွင့်ပြုမှုနှင့် ဖြစ်ပြီး၊ တိုးချဲ့ဖွဲ့စည်းမှုများတွင် ဖွဲ့စည်းပုံတိုးချဲ့လိုက်ခြင်း၊အင်အားတိုးလိုက်ခြင်း၊စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းဖွင့်ပေးခြင်း၊ နည်းပညာဌာနစုတစ်ခု အသစ်တိုးချဲ့ ဖွဲ့စည်းခြင်း၊ နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ်ရုံး(၁၅)ရုံး တွင် ၀န်ထမ်းအင်အားများ ထုတ်နုတ်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းများ ပါဝင်သည်ဟု စစစ မှ ပြောရေးဆိုခွင့်ရ ညွှန်ကြားရေးမှူးက Popular News ကို ပြောပြသည်။

''စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း ဆိုတာတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ဒါက ပထမဦးဆုံးပဲ။ တောင်ငူမှာ ရှိတဲ့ စစစ ရုံးကို ကျောင်းအဖြစ်ဖွင့်လိုက်တာ''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစစ မှ ၀န်ထမ်းအချို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ သွားရောက် တာဝန်ထမ်းဆောင်နေကြရသလို၊စစစ မှ ၀န်ထမ်းများသည်လည်း ယခင်ကထက် အလုပ်များစွာ ပို လုပ်နေကြရ၍ အစိုးရအဖွဲ့မှ လိုအပ်ချက်များကို ဖြည့်ပေးခြင်းဖြစ်သည်ဟု အထက်ပါ အရာရှိက မှတ်ချက်ပြုသည်။

စစစကို စတင်ဖွဲ့စည်းစဉ် ရဲတပ်ဖွဲ့မှ ရဲစုံထောက်များကို စီစစ်ရွေးချယ်ပြီး ခန့်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

နှစ်ပေါင်း ၆၀ကျော် ကာလတစ်လျှောက်လုံး စစစ ၀န်ထမ်းတစ်ယောက် ဖြစ်ရန် ဒုရဲအုပ်သင်တန်းတက်ရခြင်း၊ ယင်းနောက် ဌာနတွင်းမွမ်းမံသင်တန်းတက်ရောက်ပြီး အောင်မြင်မှသာလျှင် စစစ ၀န်ထမ်းဖြစ်ခွင့်ရှိသည်ကိုလည်း တွေ့ရသည်။

''ခု သင်တန်းကျောင်းဖွင့်လိုက်တော့ အရှေ့က လုပ်ခဲ့ကြတဲ့အတိုင်း မလုပ်ကြတော့ဘူး ဆိုတာတော့ မဟုတ်ဘူး၊ဒုရဲအုပ် သင်တန်းတက်ရတာတို့၊မွမ်းမံ သင်တန်းတက်ရတာတို့ ဒါတွေကို ပြောတာ။ခု သင်တန်းကျောင်းကျတော့ ပိုပြီး စနစ်တကျ ရှိအောင်လုပ်တဲ့ သဘောပါပဲ။ခုချိန်က Cyber Crime တွေလည်းများလာပြီ။ဒါတွေကို ၀န်ထမ်းတွေက ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့ လိုလာပြီ''ဟု စစစ မှ ပြောရေးဆိုခွင့်ရ ညွှန်ကြားရေးမှူးက ပြောသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဆိုသည်ကား
၁ - စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ်အရေးယူရေး
၂ - ဝန်ထမ်းမသမာမှုများ စုံစမ်းဖော်ထုတ်အရေးယူရေ
၃ - နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်း တင်ပြရေးစသည်များကို ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်
(၁) စိစစ်ခြင်းလုပ်ငန်း 
(၂) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း 
(၃) ဥပဒေအကြံပေးခြင်းလုပ်ငန်း
(၄) တရားဆွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါဆောင်ရွက်ခြင်းလုပ်ငန်း
(၅) သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်းလုပ်ငန်း နှင့် 
(၆) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း

တို့ကိုပါ ဆောင်ရွက်ရသည့်ဌာနဖြစ်သည်။



Popular News Media

No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...