အင်တာနက် တိုက်ပွဲ
အဝိုင်းလေးလည်နေသည်ကို သည်းခံစောင့်ဆိုင်းခဲ့ကြဖူးသည်။
တစ်ဦးချင်းသုံး၊ အိမ်သုံး၊ စီးပွားရေးလုပ်ငန်းသုံး မြန်မာ့အင်တာနက်မြန်နှုန်းသည် မီးကျိုးမောင်းပျက်ဝန်ဆောင်မှုနှင့် နှစ်ပါးသွားခဲ့ရသည်။ တစ်ချိန်ကမူ မြန်မာတို့အတွက် ရွေးစရာသိပ်မရှိ။
မိုဘိုင်းဆက်သွယ်ရေးနှင့် မိုဘိုင်းအင်တာနက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အပေါ်တွင် မှီခိုခဲ့ရပြီး အခြားအင်တာနက်ဝန်ဆောင်မှုများကိုလည်း လက်တစ်ဆုပ်စာလုပ်ငန်းများထံမှ ရယူသုံးစွဲခဲ့ရသည်။ ယင်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကအခြေအနေဖြစ်သည်။
လက်ရှိတွင် ဆက်သွယ်ရေးကဏ္ဍသည် အရှိန်အဟုန်နှင့် တိုးတက်အသွင်ပြောင်းလာပြီ။
ကုမ္ပဏီတစ်ခုနှစ်ခု၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုအောက်မှ လွှတ်မြောက်ခဲ့ပြီဖြစ်သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာလေးခုစလုံး ဈေးကွက်အတွင်းတက်စုံ၊ ရွက်စုံလွှင့်ဝင်ရောက်လာသလို အင်တာနက်ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီများ (Internet Service Provider ISP) များလည်း အပြိုင်အဆိုင် ခြေကုတ်ယူလာကြသည်။
“ရွေးချယ်စရာတွေ များလာတယ်။ ကျွန်တော်တို့က ကောင်းတဲ့ဟာကို ရွေးချယ်သုံးပိုင်ခွင့် ပြည်သူလူထုက ရလာတယ်။ ဒါက ကောင်းတယ်”ဟု မြန်မာအိုင်စီတီကဏ္ဍဖွံဖြိုးရေးပါဝင်သူလည်းဖြစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးနေဘုန်းလတ်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ တယ်လီနော၊ အူရီဒူးနှင့် မိုင်တဲတို့သည် နိုင်ငံတစ်ဝန်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်(Nationwide Telecommunication License) ရရှိသော လုပ်ငန်းများဖြစ်သည်။ ယင်းကုမ္ပဏီများသည် ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်ဒေတာဝန်ဆောင်မှုပေးခြင်း စသည့်ဆက်သွယ်ရေးနှင့် ပတ်သက်သောဝန်ဆောင်မှု အားလုံးပေးနိုင်သည်။
အင်တာနက်ဝန်ဆောင်မှုပေးသောလုပ်ငန်း (ISP) များသည် အင်တာနက်ဒေတာသီးသန့်ဝန်ဆောင်မှု ပေးသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ပေါင်း ၁၄၆ ခုထုတ်ပေးထားသည်။
ဦးမော့လာသော ISP ဒေတာ
ယင်းလုပ်ငန်းလိုင်စင်များထဲတွင် အင်တာနက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းISP လိုင်စင်ပေါင်း ၇၀ ကျော် ခွင့်ပြုထားသည်။ မကြာသေးမီက မိတ်ဆက်ခဲ့သည့် အနန္တအပါအဝင် မြန်မာနက်ခ်နှင့် 5 BB တို့သည် ISP များ ဖြစ်သည်။
ယင်း ISP လုပ်ငန်းများသည် နောက်ဆုံးပေါ် နည်းပညာသစ်များဖြင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများ ပေးရန် သူ့ထက်ငါအပြိုင်ဆိုင် အားထုတ်လာကြသည်။ မေလ ၂၅ ရက်တွင် အကန့်အသတ်မဲ့ 4G အင်တာနက်ကို မိတ်ဆက်လိုက်ပြီး ရန်ကုန်တိုင်းဒေသကြီးမြို့နယ် ၂၅ ခုတွင် စတင်ဝန်ဆောင်မှုပေးသည်။
အနန္တသည် 4G+ ကွန်ရက်တည်ဆောက်ထားပြီး Mifi စက်တစ်ခု၊ 4G+ ဆင်းကတ်နှင့် ချိတ်ဆက်၍ ဒေတာ သုံးစွဲနိုင်မည် ဖြစ်သည်။ စုစုပေါင်း ၃၅၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ဒေတာအကန့်အသတ်မဲ့သုံးနိုင်သည်။
“Connection က နေရာပေါ်မှာမူတည်တယ်။ တချို့နေရာတွေမှာ အရမ်းကောင်းတယ်။ တချို့နေရာတွေမှာ Stable(တည်ငြိမ်မှု) မဖြစ်ဘူး။ တော်တော်လေးအဆင်မပြေတဲ့နေရာတွေလည်း ရှိတယ်။ နောက်ထွက်လာခဲ့တဲ့ အင်တာနက်တွေထဲမှာတော့ သိပ်မဆိုးဘူး” ဟု ရန်ကုန်မြို့မှ အနန္တ အင်တာနက်သုံးစွဲသူတစ်ဦးက ဆိုသည်။
အနန္တသည် လျှပ်စစ်စွမ်းအင်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများလုပ်ကိုင်သော IGE လုပ်ငန်းစုအောက်ရှိ Amara Communication ကုမ္ပဏီလီမိတက်က ပိုင်ဆိုင်သည်။
၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက 4G အထောက်အပံ့ပေးနိုင်သည့် 2600 MHz လှိုင်းနှုန်းစဉ် လေလံပစ်ရာတွင် Amara Communication ကုမ္ပဏီက ဒေသနှစ်ခုအတွက် အင်တာနက် ဝန်ဆောင်မှုပေးရန် တင်ဒါအောင်မြင်ခဲ့သည်။
ဒေသ(၂) ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်၊ ဒေသ(၃) မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်နှင့် ကယား ပြည်နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ပြီးပါက ဒုတိယအဆင့်တွင် အခြားမြို့များသို့ ကွန်ရက်ဖြန့်ကြက်မည်ဖြစ်ကြောင်း IGE လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးနေအောင်က ဆိုသည်။
“စွမ်းဆောင်ရည်ကတော့ အခုဈေးကွက်ထဲမရှိတဲ့ Speed ပေးပါမယ်။ နောက်ပြီးတော့ Unlimited ပေးပါမယ်။ ဈေးနှုန်းသက်သက်သက်သာသာ ပေးပါမယ်” ဟု အနန္တတရားဝင်မိတ်ဆက်ပွဲတွင် ၎င်းက ပြောဆိုသည်။
လူဦးရေ ၅၂ သန်းကျော် မြန်မာဈေးကွက်သည် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအတွက် မျက်စေ့ကျစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုနှုန်းသည် အာဆီယံဒေသတွင်း၌ အနိမ့်ဆုံးရှိနေခြင်းကြောင့် ဖြစ်သည်။
လန်ဒန်အခြေစိုက် We are Social ကုမ္ပဏီ၏ လေ့လာမှုအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ ၁၇ သန်းခန့်ရှိကြောင်း ဖော်ပြထားသည်။ တိုင်းပြည်စုစုပေါင်းလူဦးရေ၏ ၂၆ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အိမ်နီးချင်းလာအိုနိုင်ငံနှင့် တူညီသည်။
ကမ္ဘောဒီးယားတွင် အင်တာနက်သုံးသူပေါင်း နိုင်ငံ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံသည် ၆၇ ရာခိုင်နှုန်း ရှိသည်။ သို့သော် မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲနှုန်းမှာ အလျင်အမြန်တိုးတက်နေပြီး မိုဘိုင်းဖုန်း အင်တာနက်နှင့် အဓိကချိတ်ဆက်ကြသည်။
လက်ပ်တော့ကွန်ပျူတာနှင့် ချိတ်ဆက်မှုလည်း တိုးတက်လာကြောင်း We are social အဖွဲ့က ဖော်ပြထားသည်။ ယင်းမှာ ISP များအတွက် အခွင့်အလမ်းဖြစ်ပြီး မြန်မာ့အင်တာနက်ဝန်ဆောင်မှုကဏ္ဍအတွက် ပါရာဒိုင်းတစ်ခု ဖြစ်ကြောင်း BIZLAW Consult Myanmar ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းတေဇညွန့်တင်က ပြောကြားသည်။
“၂၆၀၀ MHz ကိုယူထားတဲ့ အနန္တလိုဟာမျိုး၊ မိုင်တဲလိုဟာမျိုး National Resources တွေကို တိတိကျကျ သေသေချာချာအသုံးချမယ့်လုပ်ငန်းတွေ ပေါ်လာတော့ Paradigm (အရွေ့) ဖြစ်မယ့်နေရာကို ရောက်လာပြီလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။
*
တစ်ချိန်ထဲတွင် ဈေးနှုန်းနှင့် အရည်အသွေးကို အာမခံချက်မပေးနိုင်သော လုပ်ငန်းများသည် ဈေးကွက်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိဈေးကွက်ထဲတွင် ဖိုက်ဘာအင်တာနက်လိုင်းကို Fourtune ၊ MPT ၊ Welink ၊ 5 BB Broadbans ၊ Unilink၊ Myanmar Speednet ၊ TrueNet ၊ ရတနာပုံတယ်လီပို့နှင့် တယ်လီနောတို့က ဝန်ဆောင်မှုပေးနေပြီး ဈေးနှုန်းများ အပြန်အဆိုင်လျှော့ချလာကြသည်။
Fortune သည် ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းအထိ ဖိုက်ဘာအင်တာနက် 4 Mbps လျှင် ၁၃၅၀၀၀ ကျပ် ဈေးပေးရသော်လည်း လက်ရှိဝယ်ယူပါက ကျပ် ၆၀၀၀၀ ခန့်သာ ပေးရတော့မည်။ ယင်းနှုန်းထားသည် ထက်ဝက်ကျော်ဈေးချလာခြင်းဖြစ်ကြောင်း ဖိုက်ဘာအင်တာနက်သုံးစွဲသူများထံမှ သိရသည်။
*
Mbps ဆိုသည်ကား တစ်စက္ကန့်လျှင် လုပ်နိုင်စွမ်းရှိသည့် အင်တာနက်အမြန်နှုန်း(Data Transfer Speed) ပင် ဖြစ်သည်။
ရတနာပုံတယ်လီပို့သည် 4 Mbps လျှင် ၁၈၉၀၀၀ ကျပ်ဈေးရှိခဲ့ပြီး လက်ရှိတွင် ၇၅၆၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ Wifi အင်တာနက်ဝန်ဆောင်မှုများအဖြစ် မြန်မာနက်ခ်နှင့် AGB တို့က ဝန်ဆောင်မှု ပေးထားပြီး 4G LTE ကို အနန္တက ပေးသည်။
ယင်းထဲတွင် အနန္တသည် ဈေးအချိုဆုံးဖြစ်ပြီး 20 Mbps လျှင် ၃၅၀၀၀ ကျပ်သာ ရှိသည်။ မြန်မာနက် Wifi Hotspot အင်တာနက် 20 Mbps သည် ကျပ်နှစ်သိန်းဝန်းကျင်ကျသင့်ကြောင်း အင်တာနက်ဝန်ဆောင်မှုများအကြောင်း အထူးပြုရေးသားသည့် internetmyanmar.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းသို့ဈေးနှုန်းများ အပြိုင်လျော့ချလာမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေသော အကြောင်းရင်းတစ်ခုလည်း ရှိသည်။
မိုဘိုင်းဒေတာ
ဆက်သွယ်ရေးဈေးကွက်ထဲသို့ မိုင်တဲဝင်ရောက်လာခြင်းသည် မိုဘိုင်းဆက်သွယ်ရေးဈေးကွက်အတွင်း အပြင်းထန်ဆုံးယှဉ်ပြိုင်ကြရန် တပ်လှန့်လိုက်ခြင်းပင်ဖြစ်သည်။
“ဒီပြိုင်ဆိုင်မှုတွေကို တွန့်ဆုတ်နေလို့တော့ မရဘူး။ ရင်ဆိုင်ပြီးတော့ သွားရမှာ။ ပြိုင်ဆိုင်တဲ့နေရာမှာ Fair Play ပေါ့။ သန့်ရှင်းစွာယှဉ်ပြိုင်ဖို့ အရေးကြီးပါတယ်” ဟု MPT KSGM အကျိုးတူပူးပေါင်းဆောင်ရွက်မှု စီးပွားရေးဌာန ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားသည်။
MPT သည် နည်ပညာသစ်များနှင့် နိုင်ငံအဝန်းကွန်ရက်ဖြန့်ကြက်ပြီး ဝန်ထမ်းစုစုပေါင်းရှစ်ထောင်ကျော်နှင့် ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အင်တာနက်ဒေတာအတွက် အရေးပါးဆုံး 4G LTE+ ကွန်ရက်ကို ၂၀၁၈ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၂၈၀ အထိ ဖြန့်ကြက်ရန် စီစဉ်ထားသည်။
MPT ၏ 4G LTE+ ကွန်ရက်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် ဖြန့်ကြက်ထားသည်။
အော်ရီဒူးနှင့် တယ်လီနောတို့သည်လည်း 4G ကွန်ရက်များကို ချဲ့ထွင်လျက်ရှိသည်။
သွားရည်ကျစရာ ဆက်သွယ်ရေးဈေးကွက်ထဲအတွင်း နောက်ဆုံးမှဝင်ရောက်လာသော အော်ပရေတာမှာ မိုင်တဲလ်ဖြစ်သည်။
မိုင်တဲလ်ကို ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိတ်ဆက်ခဲ့သည်။ ဇွန်လ ၉ ရက်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်ခဲ့ပြီ ဖြစ်သည်။
ကွန်ရက်အရည်အသွေး၊ နည်းပညာအသုံးပြုမှု၊ ဈေးနှုန်း အချက်သုံးချက်နှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Mytel ၏ Chief External Relation Officer ဦးဇော်မင်းဦးက ပြောကြားသည်။
အင်တာနက်ဒေတာအတွက် 4G အထောက်အပံ့ပေးပြီး ဖုန်းခေါ်ဆိုမှုအတွက် 2G ဖြစ်သည်။ တစ်နိုင်ငံလုံးသို့ ဝန်ဆောင်မှုပေးရာတွင် မိုင်တဲ၏အင်တာနက်ဝန်ဆောင်ခနှုန်းထားသည် အနည်းဆုံးဖြစ်ပြီး တစ်မဂ္ဂါဘိုက်လျှင် ၃ ကျပ် ဖြစ်သည်။
အင်တာနက်ဒေတာအသုံးပြုခမှာ အူရီဒူးနှင့် တယ်လီနောသည် တစ်မဂ္ဂါဘိုက် ၈ ကျပ်ဖြစ်ပြီး MPT မှာ ၁၀ ကျပ် ဖြစ်သည်။ သို့သော် အရောင်းမြင့်တင်ရေးအစီအစဉ်(Promotion Package) များ ဝယ်ပါက တစ်မဂ္ဂါဘိုက်လျှင် ၅ ကျပ်အထိ လျှော့ချထားသည်။
ဈေးကွက်အတွင်း မိုင်တဲလ်ဝင်ရောက်လာမှုသည် အခြားသော ဆက်သွယ်ရေးအော်ပရေတာများကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။
“အခုချိန်မှာ Promotion ကာလတွေမို့ ချနေကြတာပဲ။ Promotion မို့ချတာနဲ့တော့ မလုံလောက်ဘူး။ ပုံမှန် သွားနေတဲ့ ဈေးနှုန်းက အားလုံးသုံးနိုင်တဲ့ဟာ ဖြစ်ရမယ်။ လိုင်းဆွဲအားတွေကဆိုရင် တကယ့်ကို International Standard ဖြစ်ဖို့ လိုတာပေါ့” ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
ခေတ်သည် မြန်သည်။ ပြောင်းသည်။ အင်တာနက်သည် ယနေ့ခေတ်အတွက် လျှပ်စစ်နှင့်အတူ မရှိမဖြစ် သဘောဆောင်လာသည်။ သတင်းအချက်အလက်ရယူရန်၊ ပညာသင်ရန်၊ ပိုက်ဆံရှာရန် စသည့် ကိစ္စမျိုးစုံအတွက် အသုံးဝင်လာသည်။
မိုင်တဲလ်မဝင်မီကမူ ဤမျှအကျိုးရှိသော အင်တာနက်ကို သုံးစွဲရေးအတွက် Browser ဖြင့် သုံးစွဲပါက အင်တာနက်ဖိုးက မနည်းကုန်ကျသည်။ ဆက်သွယ်ရေး အော်ပရေတာအချင်းချင်း ညီညွတ်ကြ၍ သုံးစွဲသူများအတွက် အင်တာနက်အသုံးပြုခမှာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် များနေသည့် အခြေအနေဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာများထံမှ ဈေးပေါပေါနှင့် လွယ်လွယ်သုံးရသည်က Facebook ၊ Messengerနှင့် Viber တို့သာ။ မိုင်တဲလ်ဝင်လာပြီးနောက် အခြေအနေက ပြောင်းစပြုလာသည်။
ယှဉ်ပြိုင်မှုမြင့်မားလာခြင်းကြောင့် အင်တာနက်သုံးစွဲခနှုန်းထားလျော့ကျလာသည်ကမူ သုံးစွဲသူများအတွက် သတင်းကောင်းပင်။
သို့သော်လည်း ဈေးနှုန်းတစ်ခုတည်းနှင့်မပြီး။ ဝန်ဆောင်မှုကောင်းဖို့လည်း လိုလာသည်။ အဝိုင်းလည်နေသည်ကို မည်သူမျှ ကြည့်မနေချင်တော့။ အရည်အသွေးကို အာမမခံနိုင်လျှင်မူ ဈေးကွက်အတွင်း မည်သည့်ကုမ္ပဏီမျှ ရှင်သန်နိုင်မည်မဟုတ်ကြောင်း ဦးမင်းတေဇညွန့်တင်က ယခုလိုဆိုသည်။
“လုပ်ပေးမယ်ပြောပြီး မရနိုင်တဲ့ဟာမျိုးတွေက အချိန်တန်ရင် သူ့ဟာသူ မှေးမှိန်ပျောက်ကွယ်သွားမှာပဲ”
the Voice news

No comments:
Post a Comment